အချွန်အမွန် မဖြစ်နိုင်
ဤအကြောင်းအရာနှင့် ပတ်သက်၍ အင်္ဂလိပ်စကားပုံတစ်ခုမှာ မှတ်သားဖွယ်ကောင်းရာလှသည်။
What is worth doing is worth doing well.
မလုပ်လျှင် အလျှင်း၊ လုပ်လျှင် ကောင်းကောင်း လုပ်သင့်သည် ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။
စာကိုတော့ ရေးချင်သည် စာရေးဆရာပင် လုပ်စားဦးမည်။
သတ်ပုံသတ်ညွှန်းကိုတော့ မှန်ကန်အောင် ရေးတတ်ဖို့ မကြိုးစားခြင်း ဆိုသည်မှာ အထက်ပါ စကားပုံနှင့် ဆန့်ကျင်လျက်ရှိ၏။
တော်စွာ လျော်စွာ သဘောမျိုး ထားရှိသောလူ၊ သို့မဟုတ် လူမျိုးသည် အချွန်အမွန် ဖြစ်တတ်ဖို့ ခဲယဉ်းတတ်ခြင်းမှာ သဘာဝ အတိုင်းပင် ဖြစ်ပေတော့သည်။
ရယ်စရာ အမှားများ
တစ်ဖန် အင်္ဂလိပ်စာ သင်ကြားရာတွင်လည်း အချို့လူများသည် အသံထွက်မှန်ကန်အောင် လေ့လာကျက်မှတ်ခြင်း မရှိခဲ့ကြသောကြောင့် ဘီအေ-အမ်အေ အောင်ပြီးကြသည့်နောက်၌ပင် ရယ်ဖွယ်ကောင်းသော အသံထွက်ခြင်းမျိုးဖြင့် ခေါ်ဝေါ် သုံးနှုန်းနေကြခြင်းများကို တွေ့ရ၏။
ဥပမာ Motorcar ဟူသော စကားကို မြန်မာလို အသံထွက် မှန်ကန်အောင် ရေးသားလျှင် ဖြစ်နိုင်ပါလျက် မိုတိုကားဟူ၍လည်းကောင်း၊ မော်တော်ကားဟူ၍လည်းကောင်း အဂ်လိပ်စာတတ်များက မှားယွင်းစွာ ခေါ်ဝေါ်သုံးနှုန်းကြသည့်အတွက် မတတ်ရှာသူများကလည်း ရောယောင် ရေးသားရှာကြ၏။
မိုတာကားဟု ရေးလျှင် မှန်လည်း မှန်ကန်၍ မြန်မာစာလုံးလည်း အဆင်သင့်ရှိပါလျက် အင်္ဂလိပ်စာတတ်များ၏ “လျော်စွာ” အသံထွက်ကြောင့် တစ်ပြည်လုံး မှားရလေတော့သည်။
ထို့ပြင် Conservative ကော်(န)ဇာ(ပ)တစ်ဟူသော အသံထွက်မှန်ကို “ကွန်ဆာဗေးတစ်”ဟု အင်္ဂလိပ်စာတတ်များက မှားခေါ်သည့်အတွက် တစ်ပြည်ထောင်လုံး မှားကြရသည်။
ဤသို့သော စကားလုံး မှားများသည် မြန်မာစကားတွင် အတော်များပြားလျက် ရှိလေပြီ။
ကျနအောင် လေ့လာခြင်း
ငယ်ဆရာ ညံ့ဖျင်းသည့်အတွက်ကြောင့် တစ်သက်လုံး တောက်လျှောက် အသံထွက်မှားကြီးဖြင့် စကားပြောနေကြသည့် အင်္ဂလိပ်စာတတ်ပေါင်းလည်း အတော်များ၏။
ဥပမာ Man ဟူသော စကားကို မဲ(န)ဟု အသံထွက်ရမည့်အစား မင်း(န်)ဟူ၍ လည်းကောင်း၊ Thank you ဟူသော စကားကို သဲ(နခ)ယူဟု ဆိုရမည့်အစား သင့်(ခ်)ယူ၍လည်းကောင်း၊ တစ်သက်လုံး “လျှာကျိုး”နေသောသူများလည်း ရှိကြ၏။
အင်္ဂလိပ်စကားလုံးကို မြန်မာလို ပီအောင် ရေးနိုင်သော စနစ်တစ်ခုလည်း တီထွင်ထားပါ၏။
ဥပမာ Conservative ဟူသော စကားလုံးကို “ကွန်”ဟု မရေးဘဲ ကော်(န)ဇာ(ပ)တစ်ဟူ၍ ရေးလိုက်လျှင် အနီးစပ်ဆုံး မှန်ကန်သော အသံထွက် ဖြစ်လာနိုင်ပေသည်။
စာတတ်ပေတတ် အင်္ဂလိပ်လူမျိုး တစ်ယောက်၏ ရှေ့္ပ၌ မြန်မာတွေ ခေါ်နေကျအတိုင်း “ကွန်စာဗေးတစ်”ဟု အသံထွက်လိုက်လျှင် “နားကလော” သွားဖွယ်ရာ ရှိ၏။
သူတို့နားကလောလျှင် ဘာဂရုစိုက်မလဲကား ပြောဖို့မသင့်။
ပညာရပ်တစ်ခုကို မသင်ဘဲ နေလိုက နေ၊ သင်မည်ဆိုလျှင် အထက်ပါ စကားပုံအတိုင်း ကျကျနန သင်သင့်သည်ဟု သဘောရသည်။
သပ်သပ်ရပ်ရပ် ဖြစ်စေသင့်သည်
ဤတစ်ခေတ်တွင် စိတ်သဘောထား ခပ်ဆန်းဆန်းတစ်ခု တွေ့ရသည်မှာ အင်္ဂလိပ်စာ မတတ်လျှင် လူရာ မဝင်သလို ဖြစ်နေကြောင်း သိသည်နှင့် သင်တော့သင်မည်။
သို့သော် ဌာန်ကရိုဏ်းတွေ ဘာတွေ ဂရုမစိုက်နိုင်သော လူငယ်အချို့ရှိ၏။
ဤ အပြုအမူမှာ နယ်ချဲ့သမား လက်မှ လွတ်မြောက်ခါစဖြစ်၍ “ဒင်းတို့” စကားကို မပြောလို ဟူသော စိတ်ထားမျိုးမှ ပေါ်ပေါက်လာခြင်း ဖြစ်ပေရာ ရေရှည်ကြိတ်သော အခါတွင် “ဇာတိမာန်”ခေါ်ကြသည့် စိတ်ထားမျိုးတွေ လျော့ပါး၍ ပြောဖို့ လိုလာသောအခါ အင်္ဂလိပ်လို ပြောသော လူမျိုးတို့သာ များပေလိမ့်မည်။
မည်သို့ဆိုစေ ပညာရပ်တစ်ခုအနေဖြင့် သင်ယူထားပြီးနောက် တောက်တီးတောက်တဲ့ မပီကလာ ပီကလာ လူရယ်စရာ မဖြစ်အောင် လုပ်ကြဖို့ကား “သပ်သပ်ရပ်ရပ်” ဖြစ်ချင်သော လူတိုင်း၏ တာဝန် ဖြစ်လေသည်။
အမှား၌ “လျှာကျိုး”တတ်ခြင်း
အချို့သော ပညာတော်သင်များသည် အမေရိကန်၊ အင်္ဂလန်စသော တိုင်းပြည်များရှိ ယူနီဗာစီတီ ကျောင်းကြီးများတွင် ပညာရပ်တစ်ခုခု သင်ကြားရာ၌ အင်္ဂလိပ်ပြောသော “လက်ချာ”များကို လုံးစေ့ ပါဌ်စေ့ နားမလည်သောကြောင့် အခက်အခဲ တွေ့ရသည်ဆိုသော သတင်မျိုး ကြားရသည်မှာ ဝမ်းနည်းဖို့လည်း ကောင်းသည်၊ ရှက်ဖို့လည်း ကောင်းလှသည်။
တစ်ဖန် ဘီအေ၊ အမ်အေစသော ဒီဂရီရရှိ၍ အင်္ဂလိပ်လို ချောမောအောင် ရေးတတ်ပါသည်ဆိုသော်လည်း ကြီးပြင်းမှ သင်ရ၍ “လျှာ”ကျိုးနေသောကြောင့် ကုလသမဂ္ဂအစည်းအဝေးမျိုးတွင် မြန်မာကိုယ်စားလှယ်တစ်ယောက်အား အခြား ကိုယ်စားလှယ်တစ်ယောက်က တစ်စုံတစ်ခု ကျေးဇူးပြုသောကြောင့် “သင့်ခယု”ဟု ပြန်ပြောလိုက်မိလျှင် မြန်မာ တစ်ပြည်လုံး ကိုယ်ကျိုး နည်းရပေတော့မည်။
အဘယ်ကြောင့်ဆိုသော် ထိပ်တန်း အစည်းအဝေးကြီးများ၌ အင်္ဂလိပ်လို ပြောကြရာတွင် ပီပီသသနှင့် ဌာန်ကရိုဏ်းကျအောင် ပြောတတ်ဖို့မှာ လွှန်စွာ အရေးကြီး၍ “သင့်ခယူ” ကဲ့သို့ တစ်လုံးတည်း မှားလိုက်လျှင် အထင်သေး၍ မဆုံးအောင် ဖြစ်တတ်လှသောကြောင့်ပေတည်း။
စောစောကတည်းက သင်ထိုက်ခြင်း
မည်သည့်ဘာသာရပ်မဆို ပီသအောင် ပြောတတ်ရန်မှာ ငယ်ကတည်းက သင်ဖို့လို၏။
ကြီးပြင်းခါမှ ကိုယ့်ဟာကိုယ် ကြိုးစား လေ့လာပြီး အင်္ဂလိပ်လို အတော်ကြီး တတ်နေသော ရဟန်းတောင်အချို့လည်း တွေ့ရဖူး၏။
သို့သော် ကိုယ်တော်များ ခမျာမှာ “လျှာကျိုး”ပြီးဖြစ်၍ “သင့်ခယူ” အမျိုးအစားထဲမှာ မလွန်မြောက်နိုင်ဘဲ ရှိရှာကြလေသည်။ ...
ကျွန်ုပ်တို့ ငယ်စဉ်က ကျောင်းဆရာတစ်ဦးအား အချိန်မည်မျှ ရှိပါသနည်းဟု မေးလိုက်ရာ ၁၀ နာရီထိုးဖို့ ၁၀ မိနစ်လိုသေးသည်ဟု အင်္ဂလိပ်လို ပြန်ပြောရာတွင် “တင်းတူတင်း”ဟု ပြောလိုက်သဖြင့် (အကြီးတန်း ရောက်နေပြီဖြစ်သော) ကျွန်ုပ်တို့က ပြုံးခဲ့မိဖူးသည်။
၎င်းဆရာ၏ တပည့်များမှာ တစ်ဆယ်ကို တင်း(န)ဟူ၍ လည်းကောင်း၊ ကျေးဇူးတင်ပါသည် ဆိုခြင်းကို “သင့်ခယူ”ဟူ၍လည်းကောင်း “လျှာကျိုး” ကုန်ကြရှာလေတော့သည်။
ကြည့်ချင်စဖွယ် ဖြစ်နိုင်သည်
လိုရင်းအချုပ်၌ စာရေးရာတွင်ဖြစ်စေ၊ စကားပြောရာတွင် အသံထွက် မှန်ကန်အောင် ဖြစ်စေ၊ သဒ္ဒါနည်းကျအောင်ဖြစ်စေ၊ တဲ့(န)နစ်၊ ဘက်(ဒ)မင်တန် ဘော့လုံးစသည့် အားကစားခြင်းများ၌ ဖြစ်စေ “မလုပ်လျှင် အလျှင်း၊ လုပ်လျှင် ကောင်းအောင် လုပ်မည်” ဟူသော စိတ်ထားမျိုး မွေးမြူသင့်သည်ချည်းဖြစ်၏။
သို့မှသာလျှင် (ပါရမီခံ မရှိသဖြင့်) အချွန်အမွန် (ချန်ပီယန်) မဖြစ်ရစေကာမူ သပ်သပ်ရပ်ရပ် ဟန်ရပန်ရ ဌာန်ကရိုဏ်းကျ၍ ဖတ်ချင်စဖွယ်၊ နားထောင်ချင်စဖွယ် ဖြစ်လာနိုင်ဖွယ်ရာ ရှိပေလိမ့်မည်။
ဆရာကြီး ရွှေဥဒေါင်း၏ “မလုပ်လျှင် အလျှင်း လုပ်လျှင် သပ်ရပ်စေရမည်” ဆောင်းပါး။
၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် ယောမင်းကြီးစာပေက ထုတ်ဝေသော ရွှေဥဒေါင်း ၏ ဗုဒ္ဓ၀ါဒနှင့် အယူအဆရေးရာများ စာအုပ်၊ စာ ၇၇- ၈၆)
Facebook: ဆရာ အတ္တကျော် ၏ Notes မှ ဆရာကြီး ရွှေဥဒေါင်း၏ စာတစ်ပုဒ်မှ ကောက်နုတ်ချက် ကို ကူးယူဖော်ပြပါသည်။