Pages

Sunday, August 31, 2014

အလုပ်အကိုင် တိုးတက်မှုကို အထောက်အပံ့ပြုမည့် လုပ်ငန်းဆိုင်ရာ ကိုယ်ဟန်အမူအရာ (၈)မျိုး

သင့်ရဲ့ ကိုယ်ဟန် အနေအထား၊ မျက်နှာ အမူအရာနှင့် တခြားသော ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေ က သင့် အလုပ်အကိုင်အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ ဆိုတာကို စဉ်းစားမိပါရဲ့လား? မစဉ်းစားမိသေးဘူး ဆိုရင် အခုအချိန် ဟာ သင့်ရဲ့ ကိုယ်ဟန် အမူအရာက သင့်ကို ပညာရှင်တစ်ယောက် (profession) အဖြစ် ဘယ်လို ပုံဖော် ပေးနေတယ် ဆိုတာကို နီးနီးကပ်ကပ် လေ့လာဖို့ လိုပါပြီ။

လူ တစ်ဦး တစ်ယောက်ရဲ့ အောင်မြင်မှု အတွက် ကိုယ်ဟန် အမူအရာက အလွန် အရေးပါပါတယ်။ ကိုယ်ဟန် အမူအရာကို လက်တွေ့အသုံးချမှုနဲ့ အကျိုးသက်ရောက်မှုတို့ဟာ မသိသာလှပေမဲ့ လူတစ်ယောက် ရဲ့ ပင်ကိုယ် အရည်အသွေး ကို ဖော်ပြရာတွင် အနေအထား နှင့် လှုပ်ရှားမှုတို့သည် တက်ညီလက်ညီ လုပ်ဆောင်ပေးပါသည်။ ထိရောက်သော (သို့) သိပ်မထိရောက်လှတဲ့ ကိုယ်ဟန် အနေအထား ကြောင့် အရည်အချင်း မပြည့်မီလှတဲ့ ပညာရှင်တစ်ယောက် ဟာ ရာထူး အဆင့်ဆင့် တက်သွားပြီး ဒီ ပညာရပ် နယ်ပယ်မှာ အတော်ဆုံး ပညာရှင်တွေ ကတော့ အလယ်အလတ် ရာထူးအဆင့် မှာ ရပ်တန့်နေမှာ ဖြစ်ပါတယ်။

ကံကောင်းတာ ကတော့ မည်သူမဆို ကိုယ်ဟန် အမူအရာ ကို မိမိကိုယ်ကျိုး အတွက် ဘယ်လို အသုံးချနိုင်တယ် ဆိုတာကို သင်ယူတတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာ ပိုပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး နဲ့ ဂုဏ်သိက္ခာ ရရှိလာမှာ ဖြစ်ပါတယ်။

ကိုယ်ဟန်အမူအရာ ကြောင့် ရရှိသော အလုပ်အကိုင်ကို မြှင့်တင်ပေးမည့် အရည်အသွေးများ (Career-Boosting Qualities Communicated by Body Language)

သင်သည် လုပ်ငန်းနဲ့ ပတ်သက်လို့ သြဇာ သက်ရောက်မှု ရှိ မရှိ နဲ့ ပတ်သက်သော တခြားသူများရဲ့ အမြင်ဟာ အကြောင်း အမျိုးမျိုးပေါ်မှာ မူတည်နေပါတယ်။ သင့်ရဲ့ လုပ်နိုင်စွမ်းအပေါ် ထားရှိကြမဲ့ ထင်မြင်ချက်တွေဟာ စကားလုံး ရွေးချယ်မှု၊ စကားပြောတဲ့ အသံနေ အသံထားနဲ့ အတိုး အကျယ်၊ ၀တ်စားဆင်ယဉ်ပုံနဲ့ အပြင်အဆင် အစရှိသော အချက်များပေါ်တွင် မူတည်ပါတယ်။
တခြားသူတွေ ရဲ့ ထင်မြင်ချက်တွေ ကို ဖော်ပြရာ ၌ အရေးကြီးဆုံးသော အချက်တစ်ချက် ကတော့ ကိုယ်ဟန် အမူအရာ ပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေ၊ အနေအထားတွေ၊ မျက်နှာအမူအရာတွေ ကို အသုံးပြုခြင်းဖြင့် အောက်ပါ အရည် အချင်းတွေ ကို ဖော်ပြနိုင်ပါတယ်။

§ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း။

သမိုင်းတစ်လျှောက်တွင် လုပ်ငန်းခေါင်းဆောင်ကြီးများ သည် မိမိကိုယ်ကို ယုံကြည်မှု (သို့) မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အောင်မြင်မှုတွေ နဲ့ ပတ်သက်တဲ့ စိတ်ဓာတ်လုံခြုံမှု တို့ကို ပြသခဲ့ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တိုးတက်ချင်ရင် ယုံကြည်မှုကို ပြသရန်အတွက် ကိုယ်ဟန်အမူအရာကို အသုံးပြုပါ။

§ စိတ်ဓာတ်ခိုင်မာပြတ်သားမှုရှိခြင်း။

အဆင့်မြင့်တာဝန်များနှင့် အမှုထမ်းတွေကို စီမံအုပ်ချုပ်ရာတွင် မိမိဆန္ဒ (သို့) ကုမ္ပဏီ ၏ သဘောထားကို ဆန့်ကျင်မှုတွေ ရှိနေတဲ့ကြားက ရှေ့တန်းတင်နိုင်တဲ့ အရည်အချင်း လည်း လိုအပ်ပါတယ်။ တခြားသူတွေကြောင့် အလွယ်တကူ စိတ်ယိုင်သွားမှာ မဟုတ်ကြောင်း ကို ပေါ်လွင်စေတဲ့ ကိုယ်နေဟန်ထားနဲ့ နေခြင်းက တခြားသူ အပေါ် မိမိ သြဇာ သက်ရောက်ကြောင်း နှင့် ခေါင်းဆောင်နိုင်ကြောင်း တို့ကို ဖော်ပြနေပါတယ်။

§ စိတ်ဝင်စားမှုရှိခြင်း။

အလားအလာရှိသော အလုပ်ရှင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ စီးပွားဖက်များ နှင့် ဖောက်သည်များသည် သူတို့ဆွေးနွေးနေတဲ့ အကြောင်းအရာ ကို စိတ်ဝင်စားသူနှင့်သာ တွဲပြီး အလုပ်လုပ်ချင်ကြပါတယ်။ ပြောနေတဲ့စကား၊ ပို့ချချက်၊ တင်ဆက်မှုတို့၌ တက်တက်ကြွကြွ နဲ့ စိတ်ပါဝင်စားကြောင်း ပြခြင်းဖြင့် နောင်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဆက်ဆံရေးတွေမှာလည်း သင်ဟာ ပညာရှင်တစ်ယောက် အနေဖြင့် တူညီသော စိတ်ဝင်စားမှုရှိလိမ့်မယ် ဆိုတာကို ဖော်ပြနေပါတယ်။

§ ပူးပေါင်းဆောင်ရွက်မှုကို လက်ခံနိုင်ခြင်း။

ခေါင်းဆောင်တွေ အတွက် စိတ်ဓာတ် ခိုင်မာ ပြတ်သားမှု က အဓိက ကျသလို တူညီတဲ့ ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင် တခြားသူတွေနဲ့ ပူးပေါင်းနိုင်စွမ်း ကလည်း အဓိကကျပါတယ်။ အပြင်လူတွေရဲ့ စိတ်ကူးကို ဖော်ထုတ်နိုင်ခြင်းနဲ့ ပေါင်းစပ်နိုင်ခြင်းတို့ကြောင့် နေရာအများအပြားက အမျိုးမျိုးသော ကျွမ်းကျင်မှုတွေ ရရှိလာတဲ့အတွက် အကျိုးကျေးဇူးတွေ ရမှာဖြစ်ပါတယ်။ ဒီ အကျိုးကျေးဇူးတွေ ကလည်း နောက်ဆုံးတော့ သင့်မဟာဗျူဟာတွေ ကို အားဖြည့်ပေးမှာဖြစ်ပါတယ်။

§ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားခြင်း။

လုပ်ငန်းတစ်ခု အောင်မြင်ရန် အတွက် ပညာရေး၊ ဘ၀ နဲ့ လုပ်ငန်းဆိုင်ရာ အတွေ့ အကြုံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ကြွယ်ဝဖို့လိုပါတယ်။ နိုးကြားမှု နဲ့ သဘောပေါက် နားလည်နိုင်စွမ်း တို့ကို ဖော်ပြတဲ့ ကိုယ်ဟန်အမူအရာတို့ သည် အသိဉာဏ် ပညာမြင့်မားကြောင်း ကို ပေါ်လွင်စေပါသည်။ ထို့ အပြင် အခြားသူတွေ အနေဖြင့် သင်ဟာ ဒီထက်ကြီးမားသော တာဝန်နဲ့ သင့်တော်တဲ့သူဆိုတဲ့ အတွေးကိုပါ ဖြစ်ပေါ်စေပါတယ်။

§ စာနာမှုရှိခြင်း။

လုပ်ငန်းတစ်ခုခုမှာ အသိဉာဏ်မြင့်မားမှုက အရေးပါသလို စိတ်ခံစားမှု အသိပညာလည်း မြင့်မားဖို့လိုပါတယ်။ မိမိကိုယ်တိုင်ရဲ့ စိတ်လိုအပ်ချက်၊ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လိုအပ်ချက်တွေကို သိမြင်ပြီး ဖြည့်ဆည်း ပေးနိုင်တဲ့သူဟာ သူတို့ရဲ့ လုပ်ငန်း နယ်ပယ် မှာ တိုးတက်ဖို့ အကောင်းဆုံး အခွင့်အရေးကို ရရှိနိုင်ပါတယ်။

ဖော်ပြခဲ့တဲ့ အရည်အသွေးတွေရအောင် ကိုယ်ဟန်အမူအရာကို အသုံးပြုခြင်းဖြင့် စကားတစ်လုံးမျှ မပြောရဘဲနှင့် သြဇာရှိသော လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်ကြီးမှု၊ လေးစားမှုကို ပိုရရှိစေပါတယ်။ ရလဒ်ကတော့ သင့်ရဲ့အလုပ်အကိုင်တိုးတက်ရန် ပညာရှင်များရဲ့ အခွင့်အရေးပေးမှုတွေကို ရရှိမှာဖြစ်ပါတယ်။


Lifehack.org မှ Jayson Demers 8 Business Body Language Tricks That Help Advance Your Career မှ ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။


အကျိုးသက်ရောက်ဆုံး လုပ်ငန်းဆိုင်ရာ ကိုယ်ဟန်အမူအရာ () မျိုး

§ အကြည့်ချင်းဆုံပြီး စိတ်ပါလက်ပါနားထောင်တဲ့ အမူအရာပြပါ။

လူတိုင်းကတော့ ကိုယ့်ကိုယ်ကို စိတ်ဝင်စားစရာကောင်းတဲ့သူ၊ အရေးပါတဲ့သူလို့ ထင်ချင်ကြပါတယ်။ ဒါကြောင့် စိတ်ပါလက်ပါ နားထောင်တဲ့ အမူအရာပြခြင်းဖြင့် စကားပြောနေသူကို သင့်အနေနဲ့ ထိုကဲ့သို့ ထင်မြင်ကြောင်း ဖော်ပြရာ ရောက်ပါတယ်။ စကားပြောနေသူနဲ့ မျက်လုံးချင်းအမြဲဆုံခြင်း၊ တစ်ခါတစ်ရံ ခေါင်းညိတ်ပြခြင်းအပြင် သူ့ကို အာရုံစိုက်နေတယ် ဆိုတာကို ဖော်ပြတဲ့ တခြားအမူအရာတွေ ကိုပါ ဖော်ပြခြင်းဖြင့် သင်ဟာ ပညာရှင် (professional) တစ်ယောက် အနေဖြင့် လုပ်ဖော်ကိုင်ဖက်တွေ အပေါ် လေးစားတယ် ဆိုတာကို ဖော်ပြနေပါတယ်။

§ လက်ဖ၀ါးတွေကို မှောက်ထားပါ။

ဒီမသိသာလှတဲ့ လှုပ်ရှားမှု ကို သင့်ပတ်ဝန်းကျင်ရှိသူတွေ က ဂရုပြုမိချင်မှ ပြုမိပါလိမ့်မယ်။ သို့သော် သင်အပေါ့်ထားရှိတဲ့ သူတို့ရဲ့ ထင်မြင်ချက်တွေကို ဖော်ဆောင်တဲ့နေရာမှာ အထောက်အကူပြုဖြစ်စေပါတယ်။ လူတစ်ယောက်ဟာ စားပွဲပေါ်မှာ၊ စကားပြော စင်မြင့်ပေါ် (သို့) ကောင်တာပေါ်မှာ သူ၏လက်ဖ၀ါး (၂)ဖက်ကို မှောက်ချထားခြင်းသည် ထိုသူ၏ သြဇာအာဏာ နှင့် ခေါင်းဆောင်မှုတို့ ကို ဖော်ပြနေပါတယ်။

§ ချိန်ကိုက်လှုပ်ရှားပါ။

တခြားသူတွေရဲ့ ကိုယ်ဟန် အမူအရာ ကို အတုယူခြင်း သည် သင်ဟာ သူတို့နဲ့ အလေးအနက် ထားပြီး ညှိနှိုင်းနေတယ် ဆိုတာကို ဖော်ပြနေပါတယ်။ ထိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ လမ်းလျှောက်တဲ့အခါမှာပဲဖြစ် ဖြစ် တခြားသူတွေရဲ့ အနေအထား ကို လေ့လာပါ။ သူတို့ရဲ့ ခြေ နှစ်ဖက်ချိတ်ထိုင်ပုံ၊ ရှေ့နောက်ကိုင်းထိုင်ပုံ၊ လက်ဟန်ခြေဟန်နှင့် ပြောဆိုပုံ၊ ပြုံးခြင်း၊ မျက်မှောက်ကြုတ်ခြင်းအစရှိတဲ့ မျက်နှာအမူအရာလုပ်ပုံတို့ကို အတုယူပါ။ ရည်ရွယ်ချက်ကတော့ တစ်ဖက်သားပုံစံ (style) ကို ခိုးချဖို့မဟုတ်ပဲ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ ခံစားချက်ကို သိစေရန်သာဖြစ်ပါတယ်။

§ မတ်တတ်ရပ်ပုံရပ်နည်းကလည်း အရေးပါပါတယ်။

တခြားသူနဲ့ စကားပြောတဲ့အခါ (သို့) အများရှေ့မှာရပ်ပြီး စကားပြောတဲ့အခါ ခြေထောက်နှစ်ဖက်ကို အနည်းငယ်ကား၊ ရင်ဖွင့်ပြီးရပ်ပါက သင့်ရဲ့ ရင်ဝမ်း ကြွက်သား (diaphragm) က ကျယ်ပြန့်လာတဲ့အတွက် စကားပြောတဲ့အသံကို ပိုထိရောက်စေပါတယ်။ သြဇာညောင်းပြီး အထင်ကြီးစရာပုံလည်း ပေါက်စေပါတယ်။

§ ကိုယ်ဟန်အမူအရာပွင့်လင်းပါစေ။

၎င်းကို တားဆီးသည့်အရာများကို ဖယ်ရှား၍ အပြုအမူများကို ရှောင်ရှားပါ။ လူတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်ဆိုင်ရာ အပြုအမူများကို စကားပြောဖော်မှ အတုယူပြုမူကြပါတယ်။ ထို့ကြောင့် သင့်အနေဖြင့် ကိုယ်ကို မတ်မတ်မထားဘဲ ပျော့တိပျော့ခွေနေခြင်း၊ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ယှက်ထားခြင်း အစရှိသော အနေအထားများသည် တခြားသူများနှင့် ဆက်သွယ်မှုမရှိ သီးခြားဖြစ်နေတဲ့ ပုံစံကို ဖော်ပြနေပါတယ်။ ထိုအခါ ပရိသတ်ကလည်း အလားတူ တုံ့ပြန်မှာဖြစ်ပါတယ်။ ကိုယ်ဟန်အမူအရာကို သက်တောင့်သက်သာထားပြီး လက်နှစ်ဖက်ကိုလည်း ဘေးမှာထားခြင်းဖြင့် သင်နဲ့ အပြန်အလှန်ဆက်ဆံသူတွေအားလုံးအပေါ် ပွင့်ပွင့်လင်းလင်းရှိတယ်ဆိုတာကို ပြပါ။ ထို့အပြင် ကိုယ်နှင့် တခြားသူကို ခြားထားမဲ့ ကြီးမားသော ပစ္စည်းကို ကိုင်ထားခြင်း၊ စားပွဲများထားရှိခြင်းတို့ကို ရှောင်ရှားပါ။

§ နှစ်နှစ်ကာကာပြုံးပါ။

စိတ်ပါလက်ပါဖြင့် ပြုံးသော အပြုံးသည် နှုတ်ခမ်းများက တဖြည်းဖြည်း အစပြုပြီး မျက်နှာရဲ့ ကျန်အစိတ်အပိုင်း၊ အထူးသဖြင့် မျက်လုံးများသို့ ပျံ့နှံ့သွားပါသည်။ သင့်အတွက် အရေးပါသူတစ်ဦးနှင့် တွေ့ဆုံတဲ့အခါ မိတ်ဆွေဟောင်း တစ်ဦးကို နှုတ်ဆက်နေတာလို့ တွေးလိုက်ရင် စစ်မှန်တဲ့ အပြုံးတစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလိုပြုံးခြင်းဟာ နွေးထွေးမှုနဲ့ လက်ခံသော သဘောကို ဆောင်တဲ့အတွက် တခြားသူတွေကိုလည်း ပွင့်ပွင့်လင်းလင်းရှိဖို့ အားပေးနေပါတယ်။

§ လှုပ်ရှားမှုများကို နည်းနိုင်သမျှနည်းပါစေ။

လုပ်ငန်းတူသူ အချင်းချင်း ဆက်သွယ်ရာ ၌ လည်းကောင်း၊ လုပ်ငန်းဆိုင်ရာ အခြေအနေများ ၌ လည်းကောင်း၊ တောင့်တောင့်ကြီး မတ်တပ်ရပ်နေတာ ကတော့ မဖြစ်သင့်ပါ။ သို့သော်လည်း လူးလွန့်ခြင်း၊ ကုတ်ခြင်း၊ တွန့်လိမ်ခြင်း၊ လှုပ်ရွှခြင်း၊ ဂနာမငြိမ်ခြင်းတို့သည် စိတ်လှုပ်ရှားမှု (သို့) စိတ်မရှည်မှု တို့ကို ပြသနေပါသည်။ လွန်လွန်ကဲကဲ ခြေဟန်လက်ဟန်ဖြင့် စကားပြောခြင်းသည်လည်း တစ်ဖက်သားကို အဓိကကျတဲ့ အချက်များမှ အာရုံပြောင်းစေပါတယ်။ အကောင်းဆုံး ပေါ်လစီ ကတော့ သဘာဝကျကျနဲ့ တည်ငြိမ်ပြီး မသိသာလှတဲ့ လှုပ်ရှားမှုများ ကို ထည့်သွင်းခြင်းက သင်ပြောလိုတဲ့ အချက်တွေကို ပိုမိုမြှင့်တင်ပေးပြီး တခြားသူများရဲ့ ကိုယ်ဟန်အမူအရာတွေကိုလည်း ထင်ဟပ်စေပါတယ်။

§ ခိုင်မာတဲ့ လက်ဆွဲနှုတ်ဆက်မှုကိုပြုပါ။

လက်ဆွဲနှုတ်ဆက်ခြင်း ရဲ့ အထိအတွေ့အာရုံကြောင့် ၄င်းသည် ယဉ်ကျေးမှုအများစု ၌ ပျံ့နှံ့လျက် ရှိသော ကာယနှုတ်ဆက်ခြင်း ပဲ ဖြစ်ပါသည်။ သို့သော်လည်း ဒီ လွယ်ကူတယ်လို့ ထင်ရတဲ့ လုပ်ရပ်လေးကို အကောင်းဆုံးဖြစ်စေဖို့ဆိုတာကတော့ လေ့ကျင့်ဖို့ လိုပါတယ်။ အလွန်အမင်း ပျော့ဖတ်နေတဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ အရမ်း တင်းကျပ်နေတဲ့ လက်ဆွဲနှုတ်ဆက်ခြင်း အစရှိတဲ့ အစွန်းရောက်နေတဲ့ လက်ဆွဲနှုတ်ဆက်ခြင်း တို့ကို ရှောင်ပါ။ ယုံကြည်မှုနဲ့ လေးစားမှုကို ပြသဖို့ ဆိုရင်တော့ တိုတောင်းပြီး သဘာဝကျတဲ့ ခံစားချက် ကို ပေးမဲ့ ဆုပ်ကိုင်မှုမျိုး ကို ပေးပါ။

ဒီကိုယ်ဟန်အမူအရာတွေ ကို လက်တွေ့အသုံးပြုတဲ့အခါ တချို့ကို ကျန်တာတွေထက် သဘာဝကျကျ လုပ်နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာ (သို့) လူမှုရေးဆိုင်ရာ ပွဲတွေမှာ ဒီအမူအရာတွေ လေ့ကျင့်ပေးခြင်းဖြင့် သင့်ရဲ့ အလုပ်လုပ်နေတဲ့ ဘ၀ တစ်လျှောက်လုံး များစွာ အကျိုးရှိစေမဲ့ အမူအရာ အလေ့အကျင့်ကောင်းများ ကို ရရှိလာမှာ ဖြစ်ပါတယ်။ ရာထူးတိုးခံရခြင်း၊ လစာတိုးလာခြင်း တို့ကို ချက်ခြင်း မခံစားရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သင့် အလုပ်အကိုင်ရဲ့ အောင်မြင်မှုတွေ နဲ့ အခွင့်အလမ်းတွေ ကို ကျွမ်းကျင်သော ကိုယ်ဟန်အမူအရာတွေ က များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။


Lifehack.org မှ Jayson Demers 8 Business Body Language Tricks That Help Advance Your Career မှ ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။


Source: Myanmar Network | အပိုင်း (၁) | အပိုင်း (၂) by Ma Soe Soe Win


No comments:

Post a Comment