Pages

Thursday, June 19, 2014

မင်းရဲ့နိုင်ငံ အတွက် အချိန် (၁၀) မိနစ် ရမလား

" မင်းရဲ့နိုင်ငံအတွက် အချိန် (၁၀) မိနစ်ရမလား..?
ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ။ အချိန်မရှိရင်တော့ မင်းသဘောပဲ…။


အိန္ဒိယသမ္မတ:

တို့အိန္ဒိယအစိုးရ က လုပ်ဆောင်မှုတွေ မထိရောက်ဘူး မင်းပြောတယ်။
တို့နိုင်ငံရဲ့ဥပဒေတွေ ကလည်း အိုဟောင်းပြီး ခေတ်မမီတော့ဘူး။ မင်းပြောတယ်။
စည်ပင် ကလည်း အမှိုက်တွေမရှင်းဘူး မင်းပြောတယ်။
ဖုန်းလိုင်းတွေ ကလည်း အလုပ်မလုပ်တာ ခပ်များများလို့ မင်းပြောတယ်။
မီးရထားဆိုတာ ဟာသတစ်ခုပဲ။ အဲလိုင်းတွေဆို ကမ္ဘာမှာ အဆိုးဆုံး။
စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး။
တို့တိုင်းပြည်မှာ အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့ မင်းပြောတယ်။
မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး မင်းကရောဘာတစ်ခုလုပ်လဲ…?

ကောင်းပြီ။
မင်း စင်ကာပူ ကိုရောက်တဲ့အခါကျတော့ စင်ကာပူ က လမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး။ စတိုးဆိုင်မှာ မုန့်မစားရဲဘူး။ ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ မင်းပေးတယ်။ အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား။ ပြောခဲ့လား…?
ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား။
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား။
ဝါရှင်တန်မှာ တစ်နာရီ ၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား။ မောင်းမိလို့ ရဲလာဖမ်းရင် ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို မင်းပြောရဲလား။
အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား အုန်းခွံတွေကို တွေ့ကရာမင်းလျှောက်ပစ်ရဲလား။
တိုကျိုကလမ်းတွေပေါ်မှာမင်း ကွမ်းတံတွေး လျှောက်ထွေးရဲလား။
ဒါတွေက မင်း ကို မေးနေတာ။
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျ လေးစားလိုက်နာ နိုင်ပြီး ကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကို မလေးစား စည်းကမ်း ပျက်တတ်တဲ့မင်းကိုပဲ မေးနေတာ။
အိန္ဒိယမြေ ကို စနင်းပြီဆိုတာ နဲ့စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့ မင်းလို လူတွေကို မေးနေတာ။
တခြားတိုင်းတပါးမှာ စည်းကမ်း လိုက်နာ လေးစား တတ်ခဲ့တဲ့မင်းက ကိုယ့်မွေးရပ်နိုင်ငံ မှာကျတော့ ဘာလို့ပုံစံ အတူတူ မလုပ်နိုင်ရတာလဲ။
အင်တာဗျူးတစ်ခုမှာ အငြိမ်းစား ဘုံဘေမြို့ စည်ပင် အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွားလဲသိလား။
လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေထားခဲ့ကြတယ်။
ပြီးတာ့ အဲ့လူတွေကပဲတစ်ခါပြန်ပြီး ညစ်ပေနေတဲ့လူသွားလမ်းတွေအတွက် တာဝန်ရှိသူ အဖွဲ့အစည်းတွေညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်။
တာဝန်ရှိသူတွေကို သူတို့ကဘယ်လိုလုပ်ပေးစေချင်တာလဲ။
သူတို့ခွေးတွေနောက်ကနေ တံမြက်စည်းတစ်ချောင်း ကိုင်ပြီး ခွေးစွန့်ခဲ့သမျှ အညစ်အပတ်တွေကို တကောက်ကောက် လိုက်ရှင်း ပေးစေချင်တာလား။
အမေရိကားမှာ ကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေ သန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်။
ဂျပန်မှာလဲဒီလိုပဲ။
ဒီ အိန္ဒိယ က လူတွေ အဲ့လိုလုပ်လား?
တို့လူတွေကကျတော့ မဲပေးပွဲသွား။
မဲလေးပေးပြီး ဖြစ်သမျှ အကုန်ကို တာဝန်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ။
ကိုယ်ကိုယ်တိုင်က ဘာတာဝန်မှ မရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီး ခခွေး က အစ လိုက်ဖြေရှင်းပေးဖို့ထိုင်မျှော်လင့်နေကြတယ်။
ကိုယ်တိုင်ပါဝင်အားဖြည့်မှု က သုည။
အမှိုက်လေးတွေ ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာ လှပဖို့ အာဏာပိုင်တွေကို ထိုင်စောင့်နေကြတယ်။
အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို အမှိုက်ပုံးလေး ထဲ ရောက်အောင် ထည့်လိုက်ဖို့တော့ မသိချင်ယောင်ဆောင်ထားတယ်။
ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ ထားပေးစေချင်ကြတယ်။
ဒါပေမဲ့ အဲဒီ့ သန့်စင်ခန်းတွေကို ကျကျနနဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး။
အိန္ဒိယ အဲလိုင်းတွေမှာ အကောင်းဆုံး အစားအသောက်တွေ ရေအိမ်တွေ ရှိစေချင်ကြတယ်။
ဒါပေမဲ့ လစ်ရင် လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး။
ကဲ .. ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ် ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်း အတွက် ဘယ်သူ့မှာ တာဝန်ရှိတာလဲ။
ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…အဲဒီ့စနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှား လည်ပတ်နေတာလဲ။
ကိုယ့်အိမ် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြားအဖွဲ့အစည်းတွေနဲ့ အစိုးရ အကုန်လုံး ပါဝင်နေတာ မဟုတ်ဘူးလား။
ဒါပေမဲ့ သေချာပါတယ်။
တကယ်တမ်း လက်တွေ့ကျကျ ပါဝင် ပြောင်းလဲ လုပ်ဆောင် ရမယ့်အချိန်ကျတော့ အားလုံးက ကိုယ့်မိသားစုလေး နဲ့ အတူတူစိတ်ချ လုံခြုံတဲ့ အိမ်လေး ထဲ အတူတူ ထိုင်နေကြပြီး ပြတင်းပေါက်ကနေ ခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ။
သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး အာလုံးကို နေရာတကျ ပြန်ဖြစ်သွားအောင် လှဲကျင်း ရှင်းလင်း ပြောင်းလဲ ပေးသွားလိမ့်မယ်လို့ မျှော်လင့်ရင်လည်း မျှော်လင့်နေကြမှာပေါ့။
ဒါမှမဟုတ်လဲ တတ်နိုင်သူတွေက တခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လည်း သွားလိမ့်မယ်။
ဘာနဲ့တူလည်း ဆိုတော့ အမဲလိုက်ခွေးကြီး လက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့ သူရဲဘောလေးတွေလိုပဲ။
သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ် လို့ထင်ရတဲ့ အမေရိကားရဲ့ ဂုဏ်သရေတော် အောက်မှာ နေပူစာလှုံခွင့်တောင်းခံကြပြီး အမေရိကား ရဲ့ လူနေမှုစနစ်တွေကို တဖွဖွ ချီးမွန်းခန်းဖွင့်နေကြလိမ့်မယ်။
အဲ့လိုနေရင်းနဲ့မှာ နယူးယောက် က မလုံခြုံဘူးလို့ ခံစားလာရရင် အင်္ဂလန်ကိုဆက်ပြေးကြ။
အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင် ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး။
ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့ လူမှုကယ်တင်ရေး အစီအစဉ်နဲ့ အိန္ဒိယကို ပြန်ပို့ပေးဖို့ တောင်းဆိုကြ။
ကိုယ့်နိုင်ငံရဲ့စနစ် ခေတ်ကို အားပြည့် တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး မစဉ်းစားချင်ကြဘူး။
အကောင်း အဆိုး ပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့ အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်။
၃၅ ယောက်မြောက် အမေရိကန်သမ္မတ J F Kennedy က သူ့နောက်လိုက် အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်မယ်။
“DO NOT ASK WHAT YOUR COUNTRY DO FOR YOU..
ASK WHAT YOU CAN DO FOR YOUR COUNTRY..”
"တိုင်းပြည် က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား
တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ”
တဲ့……။ "

Source: Facebook: Ei Eikhaing ၏ ပိုစ့် မှ ကူးယူ ဖော်ပြပါသည်။

No comments:

Post a Comment